Friday, December 30, 2011

မိဘမေတ္တာဆိုတာ


တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့
အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသက်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသက်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ်
အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။
နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့
လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့ မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့
နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း မိမိကို သက်တော့မယ်ဆိုတာသိတော့
မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး
ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန်
ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။
တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက
နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား
တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား
လန့်အားပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး
နွားသားလေးကိုရပ်စောင့် နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမားတွေက ပါလာတော့
နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက်ဆက်ပြေးပြန်ေ၇ာ ။
အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့
နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့ ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။
သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွားတော့တာပေါ့။
အဲဒါနဲ့ နွားသား လေးကိုဝိုင်းဖမ်းကြတော့တယ်။ နွားသက်ကုန်းမှာ
နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက် ကြတယ်။ သားလေးရဲ့ မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။ သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသက်ခံရမယ်ဆိုတဲ့အသိကိုပါ မေ့ပြီး သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသက် သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာပေါ့။ နွားမကြီးကလည်း သားလေးရှိရာကို တဖြေး ဖြေးလှမ်းလျှောက်လာတယ် ။
သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေ တော့တယ်။ အဲဒီအချိန်မှာနောက်မှာရှိတဲ့ နွားသက်သမားတွေက
သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြ တော့တယ်။

ဒါကို မြင့်မိုရ်ဦးရဲ့နောက်ဆုံးရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ သိမယ်ပေါ့နော်။ မြင်းမိုရ်ဦးက တော့ ကွယ်ပျောက်သွားပြီ။
ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ...............
ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့ မာတာယထာ နိယံပုတ၊္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ။ လူမိခင်များသာမကဘူး တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို အသက်နဲ့လဲပြီး
ကာကွယ်ကြတယ် ။

ဧဒင်ဥယျာဉ်မှကူးယူပါသည်။

Thursday, December 29, 2011

ကံကောင်းအောင် လုပ်ယူနည်း




၁။ ဉာဏ်ကိုလွှာသုံးပါ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ ဘုရားမခြစ်ခင်ဘဝမှာ ဥပါယ်တမျဉ်ဆိုတာ သုံးတယ်။ ဥရောပဘက်ဆီကတော့ ဝှိုက်လိုင်းယား (White lier)လို့ သုံးရတယ်။ မုသားအဖြူ ဆိုတာပေါ့။ သူများ ဟုတ်တိပတ်တိ မထိခိုက်မယ့်ကိစ္စတွေ၊ သူတပါးအကျိုးရှိမည့် အရာတွေမှာ သုံးတာ။

မဟောသဓဇာတ်မှာ ကေဝဋ်ပုဏ္ဏားကြီးနဲ့ ပညာပြိုင်တဲ့အခန်းကိုကြည့်...
နှစ်နိုင်ငံ တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ လူတွေအသက်ကို ငဲ့ကွက်ပြီး စစ်မတိုက်ဘဲ နှစ်ဖက်နိုင်ငံက ပညာရှိတဦးစီ လူပုံအလယ်တွင်ထွက်ပြီး စကားစစ်ထိုးပွဲလုပ်မယ်။ နိုင်တဲ့လူကို ရှုံးတဲ့လူက လူပုံအလယ်မှာ ရှိခိုးရမယ်... ဆိုတဲ့စကားနဲ့ ဉာဏ်ဆင်တယ်။ တဖက်က အဟုတ်မှတ်ပြီး သဘောတူလက်ခံလိုက်တယ်။

ဗိုလ်ပုံအလယ် အတော်ဝေးဝေးက ကျောက်ခုံကြီးနှစ်ခုပေးတက်၊ မျက်နှာချင်းဆိုင် ထိုင်မိကြတော့ ဘာအမေးပုစ္ဆာမှ မေးတာမဟုတ်ဘူး။ ကေဝဋ်ပုဏ္ဏားကြီး လောဘကြီးမှန်းသိလို့ ဉာဏ်ကစားပြီး
ပုဏ္ဏားကြီး...အကောက်တထောင်ရှိတဲ့ ပြည်တန်ပတ္တမြားကို သင်တွေပဖူးသလား-ဆိုတဲ့မေးခွန်းကိုပဲ ကောက်မေးလိုက်တာ။


ဒီတော့ လောဘရမ္မက်ကြီးတဲ့ ကေဝဋ်ပုဏ္ဏားကြီးက ပျာပျာသလဲနဲ့--
ဘယ်တွေ့ဖူးမလဲ၊ သင့်မှာရှိလို့လား-ဆိုတော့ မဟောသဓက ရှိတာပေါ့၊ ဟောဒီမှာ-ဆိုပြီး သိုရင်းအင်္ကျီထဲမှာ ကြိုတင်ဝှက်ယူလာတဲ့ အကောက်တထောင်ရှိတဲ့ ပတ္တမြားကိုပြတယ်။ ဒီတော့ ကေဝဋ်ပုဏ္ဏားကြီးဟာ ပတ္တမြားကို အငမ်းမရယူကြည့်ဖို့ လုပ်တယ် မဟုတ်လား။ ဒီအချိန်မှာ မဟောသဓာက ပတ္တမြားကို ပြသလိုလိုနဲ့ လက်ကြားထဲက လျှောခနဲ ကျောက်ခုံပေါ်ကို လွှတ်ချလိုက်တယ်။ ဒီမှာတင် လောဘကြီးတဲ့ ပုဏ္ဏားကြီးဟာ ပတ္တမြားကို ကုန်းပြီးကောက်တယ်။ ဒီတော့ မဟောသဓက ဘာလုပ်သလဲ။


ပုဏ္ဏားကြီးရဲ့ခေါင်းကို လက်နဲ့ ဖိနှိပ်ထားပြီ..အို..အသင်ပုဏ္ဏားကြီး၊ အမေးပုစ္ဆာ မဖြေနိုင်လို့ သင်ရှုံးပြီ ဝန်ခံရင်ပဲ ရပါပြီ။ ကျုပ်ကို အခုလို ကန်တော့စရာ မလိုပါဘူး။ ကျုပ်က သင့်ရဲ့သားအရွယ်ပဲ ရှိပါသေးတယ်။ မကန်တော့ပါနဲ့တော့-လို့ လူတွေကြားအောင် အားကုန်အော်ပြောတယ်လေ။

အမှန်တော့ ပုဏ္ဏားကြီးက ကန်တော့တာမဟုတ်ဘူး။ ပတ္တမြားကုန်းကောက်တာ။ ဒါကိုပဲ အလောင်းတော်က အတင်းဖိထားပြီး အော်ပြောခဲ့တာ မဟတ်ုလား။ ဘယ်လောက်တောင် ဖိလိုက်သလဲဆိုရင် ပုဏ္ဏားကြီးရဲ့ နဖူး ပွန်းပဲ့ပြီး သေရွာပါဒဏ်ရာကြီးတောင် ဖြစ်သွားရော မဟုတ်လား။


အဲဒီဇာတ်တော်ကို ဖတ်ကြည့်၊ ဆင်ခြင်ကြည့်ရင် သိပါတယ်။ အလောင်းတော်ကြီးများ ဉာဏ်ကောင်းပုံ၊ ဉာဏ်ကို လွှာသုံးပုံ ပြောပါတယ်။ ဒါဟာ မုသားလား၊ လိမ်ညာလုပ်ကြံတာလား။ လူအများရဲ့အသက် သေမှာစိုးတဲ့အတွက် လောဘကြီးတဲ့ ပုဏ္ဏားအိုကြီးကိုပဲ ပညာပေးလိုက်တာ။ ဒါဟာ ဥပါယ်တံမျဉ်ပဲ။ ဒါကြောင့်မို့ ကံကောင်းချင်သူများ ဉာဏ်ကိုလွှာသုံးတတ်ဖို့ လိုပါတယ်။


၂။ အမျက်ဒေါသထွက်ခြင်းကို အမြဲရှောင်ကြဉ်ဖို့ လိုပါသည်။
၃။ ကောင်းမှုကုသိုလ်တွေ အမြဲအားထုတ်နေဖို့ လိုပါတယ်။
ကိုယ်မှု နှုတ်မှု စိတ်မှု သုံးမျိုးစလုံး ကောင်းမွန်စင်ကြယ်စေဖို့ အမြဲကြိုးပမ်းအားထုတ်ပါ။

၎။ ခင်ပွန်းကြီး ၁၀-ပါး မပြစ်မှားပါနဲ့။
ခင်ပွန်းကြီး ၁၀-ပါး
၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ ရဟန္တာ
၎။ မြတ်စွာဘုရား၏ တပည့်ကြီး အဂ္ဂသာဝက
၅။ အမိ
၆။ အဘ
၇။ အလေးအမြတ်ပြုအပ်သော ဆရာ၊ အကျင့်သီလ သမာဓိနှင့် ပြည့်စုံ ဂုဏ်ကြီး၍ ရိုသေသင့်သူများ
၈။ လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ
၉။ ပစ္စည်းလေးပါး ဒါယကာ (ပေးကမ်းဖူးသူ)
၁၀။ တရားဟောပုဂ္ဂိုလ်


ခင်ပွန်းကြီး ၁၀-ပါးကို ပူဇော်လျှင်
၁။ ကိုယ့်အရပ်ဒေသကနေ အရပ်တပါးကို သွားတဲ့အခါမှာ အစားအစာ မရှားပါဘူး။
၂။ ရောက်ရာအရပ်မှ အပူဇော်ခံရတယ်။
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။
၎။ မျက်နှာမြင်ရင် ချစ်ခင်စေတယ်။
၅။ လူပုံအလယ်မှာ ရဲရင့်စေတယ်။
၆။ ကိုယ့်ရဲ့ဂုဏ်သတင်း ပျံပလွင့်စေတယ်။
၇။ အခြံအရံ အမြဲမပြတ်ရှိတယ်။
၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား ပေါများပြီး သား၊ သီးနှံ မပျက်စီးဘူး။
(စီးပွားရေးကောင်းမယ်လို့ ဆိုလိုတာပါ)
၉။ မတော်တဆ တောင်ချောက်ကမ်းပါး ကျမယ်ဆိုရင် ဆောက်တည်ရာ ရနိုင်တယ်။
၁၀။ သားတွေ သမီးတွေနဲ့ အခြေအမြစ်ကြီးကျယ်နိုင်တယ်။


၅။ စကားအရာ အင်္ဂါ ၁၀-ပါး နားလည်ပါ။
၁။ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုရမယ်။
၂။ ဟုတ်မှန်တဲ့စကားကိုသာ ပြောရမယ်။
၃။ တရားနဲ့စပ်လျဉ်းတဲ့ စကားကိုပဲ ပြောရမယ်။
၎။ အကျိုးနဲ့စပ်လျဉ်းတဲ့ စကားကိုပဲ ပြောရမယ်။
၅။ ချစ်စဖွယ်စကားကိုသာ ပြောရမယ်။
၆။ ပြုံးရွှင်ခြင်းကို ရှေးဦးစွာပြုပြီးမှ ပြောဆိုရမယ်။
၇။ မပိုမလို ချင့်ချိန်ပြီးမှ ပြောရမယ်။
၈။ အဆောတလျင် မပြောဆိုရဘူး။
၉။ မြို့ကြီးသူ မြို့ကြီးသားတွေရဲ့ ဓလေ့ထုံးစံကို လိုက်ပြီး ပြောရမယ်။
၁၀။ သန့်ရှင်းသေချာတဲ့ အသံနဲ့ အက္ခရာ ဋ္ဌာန်ကရိုဏ်းကျနအောင် ပြောဆိုတတ်ရမယ်။


၆။ ဘုရားရှိခိုးပါ။
ဘုရားရှိခိုးလျှင်---
၁။ သူတပါးတို့ ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့်တည်ကြည်ခြင်း။
၃။ သေသည်၏အခြားမဲ့၌ သုဂတိဘဝကိုရခြင်း။
၎။ နောင် ဘုရားနှင့် တွေ့သောအခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတပါးတို့ အ၇ိုအသေပြုခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။
၈။ အဆင်းကောင်းခြင်း။
၉။ ကိုယ်အနံ့မွှေးခြင်း။
၁၀။ ခံတွင်းနံ့ မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၅။ ရွှင်သောဉာဏ်နှင့် ပြည့်စုံခြင်း။
၁၆။ ဆန်းကြယ်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။


ဇေယျတု သဗ္ဗမင်္ဂလံ
လင်းရောင်တင်
(ဂမ္ဘီရ ၂၀၀၄-၇)

အပ္ပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

(က) အပါယ်လေးပါး


အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကို ပြုလုပ်နိုင်စွမ်းမရှိသည့်အတွက် ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။ ငရဲဘုံဆိုရင်လည်း ငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခက အလွန်ကြီးပါတယ်။ သံရည်ပူများနှင့်လောင်းခံရခြင်း၊ ခွေးနက်ကြီးများရဲ့ ကိုက်ခဲခြင်းကိုခံရခြင်း၊ ဓါး၊ လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့ ငရဲလို့ခေါ်တာပါ။ ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။

အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊ အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတာမသိ၊ နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ။ တိရိစ္ဆာန်ဘဝကိုစဉ်းစားကြည့်ပါ။ မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်းစွာဖောက်ပြန်မှုတွေရှိပါတယ်။ ကုသိုလ်ကို ကုသိုလ်ပါလို့နားမလည်ပါဘူး။ အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လို့မသိရတဲ့ဘဝပါ။ ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လို့မသိတဲ့သူများ အထူးသတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကို လည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။ သတ်တဲ့သူမခံရဘူး၊ ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကိုရောက်သွားပြီဆိုတာသိသာပါတယ်။ ဒါကတိရိစ္ဆာန်ပါ။

ပြိတ္တာဆိုတာက ပေတ ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှဝေးကွာသောသတ္တဝါ၊ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိတ်ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင် သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက ၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ (အပေးခံပြိတ္တာ) ၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ (အဆာခံပြိတ္တာ) ၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ (အလောင်ခံပြိတ္တာ) ၄။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ (ဆင်းရဲခံပြိတ္တာ) တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ ဒါကပြိတ္တာပါ။

အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊ တောက်ပခြင်း၊ တင့်တယ်ခြင်းကင်းနေတဲ့သတ္တဝါ၊ မှင်စာ နတ်သေးနတ်ငယ်၊ နတ်စုတ်၊ နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။ (မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။ အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်ဆိုရင် အတော်ကြောက်စရာကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့် မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။ လူဘုံ လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက် အဆပေါင်းမြောက်များစွာ သာလွန်နေပါတယ်။

(ခ) အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ ပြန်ရောက်ဖို့ဟာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ ဝိပဿနာအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးကမလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ-စသည်ဖြင့်ပေါ့လေ၊ မေးဖွယ်ရာရှိပါတယ်။ အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း (တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်တွေရှိနေပါတယ်။ အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့

(၁)။သရဏဂုံကုသိုလ်။

ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့ စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။ အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။

ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၃)။ စာရေးတံ မဲချခြင်းကုသိုလ်။

ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များလှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ (ဆိုလိုတာက ငါနဲ့ သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလိုတဲ့အတွက် သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူဒါန်းတဲ့အလှူမျိုးကို ခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်အကျနည်းပေမယ့် ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၄) ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။

ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေ လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကို နှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ဖြစ်စေ လှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။ ဒီကုသိုလ်လေးက ငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၅)။ ဝေဿဝါသိက ကုသိုလ်ပါ။

ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။ နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးက သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။ သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကို နှစ်စဉ်နှစ်တိုင်း လုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။

ဆိုလိုတာက ကျောင်းတစ်ဆောင်ဖြစ်စေ၊ ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့ အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။ အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး။ အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။ အဲလို ကျောင်းတစ်ဆောင်၊ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ ပြောပြအသိပေးပါတယ်။

(၇) ဧကာပေါက္ခရဏီတဲ့။

ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။ အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရားဆိုရင် မိမိအိမ်ရှေ့မှာဖြစ်စေ၊ လမ်းထောင့်တစ်နေရာရာမှာဖြစ်စေ ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်းရပါတယ်။ အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါးလွတ်မြောက်တဲ့အထိ တန်ဘိုးလည်းကြီး အကျိုးလည်း များပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူဖြစ်တာပါ။

ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ အမြဲဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊ သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့ မရဘူးနော်၊ (နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်း နှစ်စဉ်၊ စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။ အားလုံးသော ဒကာ၊ ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကို တစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ ပြီးတော့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ ဝတ်ထားပြီး အားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Wednesday, December 28, 2011

အနန္တငါးပါး ဘုရားရှိခိုး


`ဗုဒ္ဓဂုဏော အနန္တော´ ဟု ကျော်ဇောထင်ရှား၊ သုံးပါးရပ်လူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသာခေါင်၊ နိဗ္ဗာန်သောင်သို့၊ ရွှေဖောင်မဂ္ဂင်၊ သဘောင်္ယာဉ်ဖြင့်၊ ကယ်တင်ဆောင်ယူ၊ ပို့လတ်မူသည့်၊ နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ၊ အစိန္တေယျဟု၊ မဟာအမိတ၊ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`ဓမ္မဂုဏော အနန္တော´ ဟု တည်သောကမ္ဘာ၊ သတ္တာဝါလူနတ်၊ အထပ်ထပ်ကို၊ လေးမြတ်ကြင်နာ၊ အ၀ိဇ္ဇာနှင့်တဏှာသံယော၊ ကိလေတောမှ၊ ဆေးကြောသုတ်သင်၊ မြူမတင်အောင်၊ ရှောင်ကြဉ်ပေတတ်၊ တရားတော်မြတ်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`သံဃဂုဏော အနန္တော´ ဟု လောဘ ဒေါသ၊ မောဟ၊ ကင်းကွာ၊ တဏှာကာမ၊ ကိလေသာနှင့်၊ ရာဂအမိုက်၊ နှစ်ခြိုက်မပျော်၊ မမွေ့လျော်ပဲ ရှင်တော်ဟောကြားမြတ်တရားကို၊ မှတ်သားကြည်ညို၊ မဂ်ဖိုနိဗ္ဗာန်၊ ရောက်ကြောင်းမှန်သည်၊ မြတ်မွန်ထေရ်ကျော်၊ သံဃာတော်တို့ ဂုဏ်တော်ကြီးလှ၊ အနန္တကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`မာတာပိတုဂုဏော အနန္တော´ ဟု အပြောကျယ်စွာ၊ သံသရာဝယ်၊ မာတာပိတ၊ မိနှင့်ဘတို့၊ ရေကြည်ကလလ၊ တည်ဦးစပင်၊ ချိုချဉ်ပူစပ်၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယမိဘတို့မှာ၊ စိုးရိမ်စွာဖြင့်၊ အစားဆိမ့်အေး နို့ချိုပေး၍၊ ကျွေးသည့်မိခင်၊ မွေးဘရှင်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`အာစရိယဂုဏော အနန္တော´ ဟု မိန့်ဟောအရ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွတ်သံချို၊ ဆုံးမဆိုသား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ဖြစ်၊ ဆိုးညစ်ယုတ်မာ၊ ပယ်စွန့်ခွာ၍၊ ခေမာဘုမ္မိ၊ ဘေးမရှိသည့်၊ သန္တိသုခ၊ မုချဧကန်၊ နိဗ္ဗာန်အရောက်၊ ညွှန်ထောက်သွန်သင်၊ ပဲ့ပြင်ပေးတတ်၊ ဆရာမြတ်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

ဓမ္မရိပ် မှကူးယူတင်ပြပါသည်

ဘုရားရှင်၏အံ့ဖွယ်တော် ( ၁၈ ) ပါး "



(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်ကပယ်ဖြတ်မူသောဆံတော်သည်လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) လောကသုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ
အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့်
သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥယျောဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ
သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမထင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

reallybuddha blogspot.com မှကူးယူပါသည်-

ဆင်းတုရှိခိုးတာ အကျိုးရှိသလား



ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံအားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကိုခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကိုဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကိုဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှားစွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာရှာဖွေလို့ ရနိုင်ပါတော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

www.burmaborn.blogspot.com မှကူးယူဖော်ပြပါသည်။ တန်ဖိုးရှိသောဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

ဓါရဏပရိတ် ပါဠိတော်နှင့် အနက်


ဓါရဏပရိတ်

မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော် ၁၈ ပါး

ပါဠိတော်


နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။


၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။


၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ။


၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။


၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ။ နတ္ထိ ရ၀ါ၊ နတ္ထိ အမ္ဖုဋံ၊ နတ္ထိ ဝေဂါရိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။


၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိအတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ တံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။


၇။ ဣမ္မံ အာနန္ဒ ဓရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ၊ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂိၢ န ဍေဟယ်၊ နာနာဘယ၀ိကော၊ နဧကာဟာရကော၊ နဒွိဟာရကော၊ နတိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။


၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံခေါ ပနာနန္ဒ ဓာရဏ ပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ၀တ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။


၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀ န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ၊ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။


ဓာရဏပရိတ္တံ နိဋ္ဌိတံ။

…………………………………………….


ဓာရဏပရိတ် နဿယ


၁။ ဗုဒ္ဓါနံ - မြတ်စွာဘာရားတို့၏၊ ဇီဝိတဿ - အသက်တော်၏၊ အန္တရာယော - ဘေးအန္တရာယ်ကို၊ ကေနစိ - တစ်စုံတစ်ယောက်သော သူသည်၊ ကာတုံ - ပြုခြင်းငှာ၊ နသက္ကာ - မတတ်နိုင်၊ တထာ - ထို့အတူ၊ မေ - တပည့်တော်အား၊ ဟောတု - ဖြစ်ပါစေသတည်း။


၂။ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အတီတံသေ - လွန်လေပြီးသောအတိတ်အဖို့၌၊ အပ္ပဋိဟတံဉာဏံ - အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အနာဂတံသေ - နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အ,ပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပစ္စုပ္ပန္နံသေ - ပစ္စုပ္ပန် မျက်မှောက်ဖြစ်သောအဖို့၌၊ အပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏။


၃။ တီဟိ - သုံးပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်။ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့် ပြီးသောအမှုသည်၊ ဉာဏ ပုဗ္ဗင်္ဂမံ - ဉာဏ်တော် ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏။


၎။ ဆဟိ - ခြောက်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဆန္ဒဿ - သတ္တ၀ါတို့၏အကျိုး စီးပွားကို ပြုလိုသော ဆန္ဒတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ဓမ္မဒေသနာယ - တရားတော်ကို ဟောပြောခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ီရိယဿ - သူတပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း၌ လုံ့လ၀ီရိယတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ိပဿနာယ - သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့်ရှုမှု ၀ိပဿနာ ဉာဏ်တော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ သမာဓိဿ - စိတ်တည်ကြည်မှု သမာဓိတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ ၀ိမုတ္တိယာ - အရဟတ္တဖိုလ်ကို ၀င်စားတော်မူခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ။


၅။ ဒွါဒသဟိ - တစ်ဆယ်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော် တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဒ၀ါ - ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည်၊ နတ္ထိ - မရှိ၊ ရ၀ါ - သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်း သည်၊ နတ္ထိ - မရှိ၊ အဖုဋံ - ဉာဏ်တော်ဖြင့် မတွေ့ မထိ မသိအပ်သော တရားသည်၊ နတ္ထိ - မရှိ၊ ဝေဂါယိတတ္တံ - ဉာဏ်ဖြင့် မဆင်မခြင် အဆောတလျင်ပြုသောအမှု သည်၊ နတ္ထိ - မရှိ၊ အဗျာဝဋမနော - သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည်၊ နတ္ထိ - မရှိ၊ အပ္ပဋိသင်္ခါနုပေက္ခာ - ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်၊ နတ္ထိ - မရှိ။


အဋ္ဌာရသဟိ - တစ်ဆယ့်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤကျေးဇူး တရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ နမော - ရှိခိုးပါ၏၊ သတ္တန္နံ - ခုနှစ်ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနံ - ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော မြတ်စွာဘုရားရှင်တို့အား၊ နမော - ရှိခိုးပါ၏။


၆။ တထာဂတဿ - ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူ သော မြတ်စွာဘုရားအား၊ ကာယဒုစ္စရိတံ - ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ကာယဒုစရိုက်သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာဘုရားအား၊ ၀စီဒုစ္စရိတံ - နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘၀စီဒုစရိုက်’ သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာဘုရားအား၊ မနောဒုစ္စရိတံ - စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစ္စရိုက်’ သည်၊ နတ္ထိ - မရှိ၊ အတီတံသေ - လွန်လေပြီးသော အတိတ်အဖို့၌၊ ဘဂ၀တော - ဘုန်တော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ အနာဂတံသေ - နောင်လာလတ္တံသော အနာဂတ်အဖို့၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ပစ္စုပ္ပန္နံသေ - မျက်မှောက်သော အဖို့ကာလ၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့ သွားမရှိခြင်းသည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက် ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြောအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဣမံဓာရဏံ - ဤအဆောင်သည်၊ ၀ါ - ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည်၊ အမိတံ - မနှိုင်းယှဉ်အပ်၊ အသမံ - တူမျှခြင်းလည်းမရှိ၊ သဗ္ဗသတ္တာနံ - ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏၊ တာဏံ - မှီခိုကိုးကွယ်ရာလည်း ဖြစ်၏၊ လေဏံ - ပုန်းအောင်းလဲလျောင်းရာလည်းဖြစ်၏၊ သံသာရဘယဘီတာနံ - သံသရာဘေးကို ကြောက်ရွံ့သော သူတို့၏၊ အဂ္ဂံ - အလွန်မြတ်သော၊ ပရိတ္တံ - အရံအတားဖြစ်၏၊ မဟာတေဇံ - ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော၊ ပရိတ္တံ - အရံအတားဖြစ်၏။


၇။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ဣမံ - ဓာရဏပရိတ္တံ - ဤသို့ တန်ခိုးရှိန်စော်အာနုဘော် ကြီးမြတ်သော ဓာရဏပရိတ်တော်ကို၊ ဓာရေဟိ - ရွတ်ဆောင်လော့၊ ၀ါရေဟိ - မှတ် သားလော့၊ ပရိပုစ္ဆာဟိ - မေးမြန်းစူးစမ်း ဆင်ခြင်လော့၊ တဿ - ထိုသို့ ရွတ်ဆောင်၊ မှတ်သား၊ မေးမြန်း၊ စူးစမ်းဆင်ခြင်သောသူ၏၊ ကာယေ - ကိုယ်၌၊ ၀ိသံ - မြွေ နဂါး စသည်တို့၏အဆိပ်သည်၊ နကမေယျ - မကျရောက်ရာ၊ ဥဒကေ - ရေ၌၊ နလဂ္ဂေယျ - မငြိတွယ်မနစ်မွန်းရာ၊ အဂ္ဂိ - မီးသည်၊ နဍဟေယျ - မလောင်ကျွမ်းရာ၊ နာနာဘယ ၀ိကော - အထူးထူးအပြားပြားများပြားစွာသော ဘေးရန်တို့သည် မထိမရောက်နိုင် ရာ၊ နဧကာဟာရကော - တစ်စုံတစ်ယောက်သောသူမျှ တစ်ရက်မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ၊ န ဒွိဟာရကော - နှစ်ရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န တိဟာရကော - လေးရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န ဥမ္မတ္တကံ - ရူးသွပ်ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ၊ န မူဠကံ - တွေဝေမိုက်မဲ သော အနာလည်း မဖြစ်နိုင်ရာ၊ မနုေဿဟိ - လူတို့သည် လည်းကောင်း၊ အမနုေဿဟိ - ဘီလူးတို့သည် လည်းကောင်း၊ နဟိံသကာ - မညှင်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။


၈။ တံ ဓာရဏပရိတ္တံ - ထိုဓာရဏပရိတ်တော်သည်၊ ယထာကတာမေ - အဘယ်နည်း ဟူမူကား၊ ဇာလော - စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်း ပယ်ဖျောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိတော်မူ၏၊ မဟာဇာလော - နတ်၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘာဏ်၊ ဘီလူး၊ ရက္ခိုက် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော် ရှိတော်မူ၏၊ ဇာလိတ္တေ - ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ပယ်ရှားတားမြစ်တော်မူနိုင်၏၊ မဟာဇာလိတ္တေ - ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဟုဆိုအပ်သော ကပ်သုံးပါးတို့မှ လွတ်မြောက်နိုင်ရာ၏၊ ပုဂ္ဂေ - အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ ခြင်း၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရူးသွပ်၊ ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်ရာ၏၊ မဟာပုဂ္ဂေ - သစ်ပင်၊ တောင်ကမ်း၊ ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ၊ သမ္ပတ္တေ - မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ရစေနိုင်ရာ၏၊ မဟာသမ္ပတ္တေ - ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ကြီးကျယ်ပြန့်ပွား များနိုင်ရာ၏၊ ဘူတင်္ဂမှိ - ဟုတ်မှိန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက်နိုင်တော်မူ၏။


အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ်တော်ကို၊ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ - ခုနှစ်ဆယ့် ခုနှစ်ကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ကောင်းစွာဟောတော်မူအပ်ပြီ၊ ၀တ္တေ -ကောင်းသောအကျိုးနှင့်ယှဉ်၏၊ အ ၀တ္တေ - မကောင်းသောအကျိုးနှင့်မယှဉ်၊ ဂန္ဓဝေ - ကောင်းသောတရားအရသာ အနံ့မျိုးကိုဆောင်၏၊ အ ဂန္ဓဝေ - မကောင်းသော တရားအရသာ အနံ့မျိုးကိုမဆောင်၊ နောမေ - ကောင်းသော စိတ်နှလုံးကိုဆောင်၏၊ အ နောမေ - မကောင်းသော စိတ်နှလုံးကို မဆောင်၊ သေဝေ - သူတော်ကောင်းတို့ နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည် ဖြစ်၏၊ အ သေဝေ - သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖော်မယှဉ်တွဲ မမှီဝဲရသည် ဖြစ်၏၊ ကာယေ - ကောင်းသောကိုယ်ကို ဖြစ်စေ၏၊ အ ကာယေ - မကောင်းသောကိုယ်ကို မဖြစ်စေရာ၊ ဓာရဏေ - ကောင်းသော ကုသိုလ် အမှုကို ပြုဆောင်ရာ၏၊ အ ဓာရဏေ - မကောင်းသော အကုသိုလ်အမှုကို မပြုဆောင်ရာ၊ ဣလ္လိ - ကောင်းသောအိပ်မက်ကို မြင်မက်ရာ၏၊ မိလ္လိ - မကောင်းသော အိပ်မက်ကို မမြင်မက်ရာ၊ တိလ္လိ - ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏၊ မိလ္လိ - မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ၊ ယောရုက္ခေ - သေပြီးသော သစ်ပင်တို့ကို ရှင်စေနိုင်၏၊ မဟာ ယောရုက္ခေ - ရှင်ပြီးသော သစ်ပင်တို့ကိုလည်း အကိုင်းအခက် အရွက်အလက်တို့နှင့် ပြည့်စုံစေနိုင် ၏၊ ဘူတင်္ဂမှိ - ဟုတ်မှန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက် နိုင်၏၊


၉။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ် တော်ကို၊ န၀န၀ုတိယာ သမ္မာ သမ္ဗုဒ္ဓ ကောဋီဟိ - ကိုးဆယ့်ကိုးကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ဟောတော်မူအပ်ပြီ၊ ဒိဋ္ဌိလာ - မကောင်းသဖြင့် ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏၊ ဒဏ္ဍိလာ - ဓား၊ လှံ၊ လက်နက်၊ လေး၊ မြား၊ မီးပေါက်၊ အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်၊ မန္တိလာ - မန္တန် မန္တရား ဂါထာ အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏၊ ရောဂိလာ - ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်နိုင်၏၊ ခရလာ - ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့သည်လည်း မထိမရောက်နိုင်၊ ဒုဗ္ဘိလာ - ကြိုး၊ ထိပ်၊ သံခြေကျင်း၊ အချုပ်အနှောင်၊ ထောင်သွင်း အကျဉ်းချထားခြင်းတို့မှလည်း လွတ်စေနိုင်၏၊


ဧတေန သစ္စ၀ဇ္ဇေန - ဤသို့မှန်သော သစ္စာစကား ကြောင့်၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ (မေ - တပည့်တော်အား)၊ တေ - သင့်အား၊ (အမှာကံ - တပည့်တော့်တို့အား) (တုမှာကံ - သင်တို့အား)၊ သောတ္ထိ - ချမ်းသာခြင်း သည်၊ ဟောတု - ဖြစ်ပါစေသတည်း။

ဓာရဏပရိတ် နဿယပြီး၏။

ဓမ္မရံသီမှကူးယူတင်ပြပါသည်-

အဓိဌာန်ဖြင့် ဖူးမြင်ရသည့် ဂေါတမ မြတ်စွာဘုရား ပုံတော်




ဓမ္မမိတ်ဆွေအပေါင်းတို့

ယခုမြင်ရသောပုံတော်မှာ ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်ပါသည်။ ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော မဟာဗောဓိ ညောင်ပင်ရင်းတွင် နိုင်ငံခြားယောဂီ တယောက် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ဤပုံတော်မှာ ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်သောကြောင့် အလွန်ထူးခြားသော ပုံတော်လည်း ဖြစ်ပါသည်။ ပုံတော်အစစ်အမှန်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဓမ္မပရိသတ်ကြီးကို စာရေးသူ ရှင်းပြမည် ဖြစ်ပါသည်။

ပထမတွင် ဤပုံတော်၏ရာဇဝင်ကို ရှင်းပြလိုပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက နိုင်ငံခြားမှ ဘာသာခြား အမျိုးသမီးတဦးသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လေ့လာဖတ်ရှုရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို ယုံကြည်သက်ဝင်လာပါသည်။ ထိုမှတဆင့် လက်လှမ်းမီသမျှ ဗုဒ္ဓစာပေများကို အချိန်ရလျှင်ရချင်း လေ့လာဖတ်ရှု မှတ်သားမှုများ ပြုလုပ်ပါတော့သည်။

ထိုအခါ စာပေများကို ဖတ်ရာကို အားရတင်းတိမ်ခြင်း မရှိပဲ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သစ္စာလေးပါး တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုဆုံးဖြတ်ချက်အရ မြတ်စွာဘုရား ပွင့်တော်မူရာဒေသဖြစ်သော ဗုဒ္ဓဂါယာသို့ ရောက်ရှိလာပါသည်။ ထိုအခါ မြတ်စွာဘုရား၏ သာသနာပြုရာ ဒေသများသို့ သွားရောက်ဖူးမျှော်ရင်း မြတ်စွာဘုရား၏ မူလပုံတော်အစစ်ကို ဖူးမြော်ချင်သည့် သဒ္ဓါတရား ဖြစ်ပေါ်လာပါသည်။

သို့ရာတွင် လောကတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသွားပြီ ဖြစ်သောကြောင့် သူမ၏စိတ်အကြံသည် မဖြစ်နိုင်မှန်းလည်း သိပါသည်။ သို့ရာတွင် ဗုဒ္ဓစာပေထဲတွင် သစ္စာအဓိဌာန် ပြုပါက အလိုရှိရာ တောင့်တရာ ဖြစ်နိုင်ကြောင်းသိ၍ သစ္စာအဓိဌာန်ပြုရန် ဆုံးဖြတ်လိုက်ပါတော့သည်။ သို့ရာတွင် သာမန် သစ္စာအဓိဌာန် မဟုတ်ပါပဲ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့် မဟာဗောဓိညောင်ပင်ရင်းတွင် အနှစ် (၂ဝ) အားထုတ်ပြီး အဓိဌာန်ပြည့်ပြီးသည့် နေ့တွင် မဟာဗောဓိပင်ကို ဓါတ်ပုံရိုက်ပြီး ရိုက်သည့်ပုံတွင် ဂေါတမ မြတ်စွာဘုရား ပုံတော်ထင်စေရန် သစ္စာပြုပါသည်။

သစ္စာပြုပြီး အဓိဌာန်ထားသည့်အတိုင်း နိုင်ငံခြားယောဂီသည် အနှစ် (၂ဝ)ပတ်လုံး ကြီးစွာသောလုံ့လဖြင့် တရားအားထုတ်ပါသည်။ တရားအားထုတ်ရာတွင်လည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ အားထုတ်ခဲ့ပါသည်။ အချိန်တရွေ့ရွေ့ကုန်ကာ အနှစ် (၂ဝ) တင်းတင်းပြည့်သည့်နေ့ ရောက်လာပါတော့သည်။ ထိုပြည့်သောနေ့တွင် သူ၏စိတ်တွင် မြတ်စွာဘုရားမှလွဲ၍ ဘာမှ စိတ်မရှိတော့ချေ။ စိတ်မှာလည်း အလွန်ဖြူစင်ပြီး ကြည်လင်နေပါသည်။

ဤသို့ကြည်လင်သော စိတ်ဓါတ်၊ ယုံကြည်သော သဒ္ဓါတရားတို့ဖြင့် အဓိဌာန်ပြုထားသည့် အတိုင်း မဟာဗောဓိညောင်ပင်ကို ဓါတ်ပုံရိုက်ပါသည်။ သူမ၏စိတ်တွင်လည်း မြတ်စွာဘုရား၏ပုံတော် ပေါ်မည်ဆိုတာ ယုံကြည်မှု တထစ်ချရှိပါသည်။ ထင်ထားသည့်အတိုင်းပင် ကူးသည့်ဓါတ်ပုံတွင် မြတ်စွာဘုရား၏ ပုံတော် ပေါ်လာပါတော့သည်။ ထိုပုံမှာ ယခုပူဇော်ထားသည့်ပုံပင် ဖြစ်ပါတော့သည်။ ဤပုံတော်မှာ ပုံတော်အစစ် ဖြစ်ကြောင်းကို ထောက်ခံသည့် ပုဂ္ဂိုလ်၏အကြောင်းကို နောက်ပိုင်းတွင် ထပ်၍တင်ဆက်ထားပါသည်။

ဓမ္မစာအုပ်ကဏ္ဍတွင် ဓမ္မမိတ်ဆွေများအနေဖြင့် မောင်းထောင် မြေဇင်းဆရာတော်၏ ဓမ္မရသ စာအုပ်များကို ရှေးဦးစွာ ဖတ်ထားစေလိုပါသည်။ ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ တပည့်ရင်းခြာ ဖြစ်ပါသည်။ ကန္နီရွှေသိမ် ဆရာတော်၏ ထေရုပတ္တိကို ကျော်နန္ဒအောင်၏ ဝိပဿနာ အားထုတ်နည်းများ စာအုပ်တွင်၎င်း၊ ဓမ္မစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင်၎င်း ဖတ်ရှုနိုင်ပါသည်။

မောင်းထောင် မြေဇင်း ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ နည်းနိသယအတိုင်း သမထ ဝိပဿနာ တရားများ သင်ပြပေးခဲ့သည့်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။ (၃၁)ဘုံခွင်ကို သမာဓိ အလင်းနိမိတ်ဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၊ နဂါးပြည်၊ ငရဲပြည် စသော နေရာဒေသများသို့ သွားရောက်နိုင်ရန် စနစ်တကျ သင်ကြားပေးခဲ့သည်မှာ တရားလောက၌ အထူးပင် ထင်ရှားပါသည်။ မန္တလေးတိုင်း ရန်ကင်းအေးငြိမ်း ရိပ်သာတွင်လည်း ယောဂီများကို တရားပြသပေးခဲ့ပါသည်။ ယောဂီများမှာ ဆရာတော်၏ သမာဓိ ထူထောင်နည်းဖြင့် အလင်းနိမိတ်လွှတ်ကာ ထိုနေရာများသို့ အောင်မြင်စွာ သွားရောက်ခဲ့ပါသည်။ ထိုယောဂီများ အထဲမှ ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်နှင့် ယောဂီဦးစောမြင့်တိုနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ ယောဂီများမှာလည်း မောင်းထောင် မြေဇင်းဆရာတော်၏ နည်းဖြင့် ဝိပဿနာကို အောင်မြင်စွာ အားထုတ်ဖူးပါသည်။

ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်က ဤပုံတော်မှာ မြတ်စွာဘုရား၏ ပုံတော်ဖြစ်ကြောင်းကို စာရေးသူအား ယခုကဲ့သို့ အားရပါးရ ပြောကြားခဲ့ပါသည်။

မေး - ဆရာရေ၊ မောင်းထောင် မြေဇင်း ဝိပဿနာ အတွေ့အကြုံလေးကို ပြောပြပါဦးခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ အဓိကကတော့ သမာဓိထူထောင်ပြီး သမာဓိ တည်ကြည်လာတော့ စိတ်ကိုညွှတ်ပြီး အလင်းနိမိတ် လွှတ်တဲ့သဘောပါ။ သမာဓိခိုင်တော့ ဝိပဿနာကူးပါတယ်။

မေး - တာဝတိံသာနတ်ပြည်က လူ့ပြည်နဲ့ တူပါသလား ဆရာ။

ဖြေ - မဟုတ်ဘူးခင်ဗျ။ အကုန်လုံး အသက်ငယ်ငယ် အရွယ်တွေပါဘဲ။ အဝတ်အစားတွေကလည်း တောက်တောက် ပြောင်ပြောင်တွေ ဝတ်ကြပါတယ်။ အနီရောင် တောက်တောက်၊ အဝါရောင် တောက်တောက် တို့ ဝတ်ထားပါတယ်။ အကုန်လုံးကလည်း ပျော်နေကြပါတယ်။ ပွဲလမ်းသဘင်တွေလည်း များပါတယ်။ အဝတ်အစားတွေကတော့ ပုဂံခေတ်က အဝတ်အစားအတိုင်း ဝတ်ကြပါတယ်။ နတ်သားတွေ၊ နတ်သမီးတွေကတော့ တော်တော်များများ အဲဒီလို ဝတ်ကြပါတယ်။ ဘုံဗိမာန်ရှင် နတ်သား၊ နတ်သမီးတွေကတော့် ရွှေငွေ လက်ဝတ်ရတနာတွေ ဝတ်ကြပါတယ်။ ဗိမာန်ရှင်တွေကတော့ နည်းပါတယ်။ အခြွေအရံ နတ်တွေက များကြပါတယ်။ ဒါပေမယ့် သူတို့က အမြဲပျော်နေကြတယ် ခင်ဗျ။

မေး - သိကြားတို့၊ နတ်မင်းကြီး လေးပါးတို့ရော တွေ့ခဲ့သေးလား ဆရာ။

ဖြေ - ဟုတ်ကဲ့။ သိကြားမင်းကတော့ နတ်ဝတ်နတ်စားနဲ့ အထူးအနေဖြင့် အရှေ့က ထူးခြားတဲ့ သူမတူတဲ့ အဆောင်အယောင် ပါပါတယ်။ နတ်မင်းကြီးလေးပါးကတော့ တောက်တောက် အရောင်တွေ၊ အဆောင်အယောင်တွေ ဝတ်ပါတယ်။ နီ၊ ဝါ၊ စိမ်း ပြာ တရောင်စီပါ ဝတ်ကြပါတယ် ခင်ဗျာ။ ကြည့်ရင် သိသာပါတယ်။

မေး - ဆရာ ပြီးတော့ ဘယ်ရောက်ခဲ့သေးလဲ။

ဖြေ - ကျနော်ကတော့ ဘုရားရှင် အဘိဓမ္မာ ဟောကြားတဲ့ သိကြားမင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာတို့၊ သုဓမ္မာ ဇရပ်တို့၊ နန္ဒဝန် ပန်းဥယျာဉ်၊ စူဠာမဏိ စေတီတော်တို့လည်း ရောက်ပါတယ်။ နတ်ပြည်က ကောင်းကင်ကြီးကတော့ ပန်းရောင်၊ ခရမ်းရောင်ပါဘဲ။ မြေပြင်ကတော့ ကတ္တီပါ ကော်ဇောစိမ်းကြီးလိုဘဲ။

မေး - ဘုရားရှင်ရဲ့ပုံတော်ကိုလည်း ရှင်းပြပါဦး။

ဖြေ - ဟုတ်ကဲ့။ ပင်လယ်ကသစ်ပင် ခြေရင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာရှေ့ရောက်တော့ အဓိဌာန် ပြုကြည့်ပါတယ်။ ဘယ်လို အဓိဌာန်ပြုသလဲ ဆိုတော့ ဤနေရာသည် ဘုရားရှင် အဘိဓမ္မာ တရားတော် ဝါတွင်း (၃)လပတ်လုံး ဟောကြားခဲ့သည့်နေရာ မှန်ပါလျှင် ဘုရားရှင်ကို သက်ရှိထင်ရှားအတိုင်း ဖူးတွေ့လိုပါ၏လို့ အဓိဌာန်ပြုပါတယ်။ အဲဒီအခါကျတော့ ဖူးတွေ့ရပါတယ်။ ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာထက်မှာ ဘုရားရှင်က တင်ပလ္လင်ခွေထိုင်ပြီး တရားဟောနေပါတယ်။ အောက်မှာက သန္တုသီ နတ်သား၊ သက္က သိကြားမင်း၊ နတ်မင်းကြီး လေးပါး၊ ဗြဟ္မာမင်းတွေ ပြီးတော့ များပြားလှတဲ့ နတ်တွေ၊ ဗြဟ္မာတွေဗျာ။ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲ ကြည့်သလိုဘဲ။ အလယ်မှာ ဘုရားရှင်က တရားဟော၊ အလယ်ကနေ အထက်ထိ နတ်ဗြဟ္မာ ပရိတ်သတ်တွေ။ အလွန်ကြည်နူးစရာ ကောင်းပါတယ်။

မေး - ဆရာရေ၊ မြတ်စွာဘုရားရဲ့ပုံတော်ကိုလည်း အသေးစိတ် ပြောပြပါဦး။

ဖြေ - အေးဗျ၊ အခုပုံတော်နဲ့တော့ တထေရာတည်းဘဲဗျာ။ လည်ပင်းတော်က ဆင်စွယ်လို ဖြူပြီး အဖုအထစ် မရှိဘူး ခင်ဗျ။ လုံးပြီးတော့ ချောနေတာဘဲ။ နားတော်ကလည်း ပခုံးထိ ရှည်တယ်။ မျက်နှာတော်ရဲ့အလယ်မှာ ဥဏ္ဏလုံ မွှေးရှင်တော်လည်း ရှိတယ်ခင်ဗျ။ လက်တော်ကလည်း သွယ်လျတယ်။ ရှည်တယ်။ ခြေဖဝါးတော်ကလည်း ညီညာတယ်။ နှာခေါင်းတော်ကလည်း စင်းတယ်။ အထူးခြားဆုံးကတော့ ရောင်ခြည်တော် ခြောက်သွယ်ပါဘဲ။ လိမ်လို့ မရဘူးခင်ဗျ။ ပုခုံးတော်ကနေ ထွက်တာဗျ။ နတ်ဗြဟ္မာတွေနဲ့ ယှဉ်ရင် ဘယ်လိုမှကို နှိုင်းယှဉ်လို့ မရအောင် ထူးခြားပြီး သွင်ပြင်လက္ခဏာ ကြည်လင်ပါပေတယ်ဗျာ။ ကြည်ညိုစရာ အရမ်းကောင်းပါတယ်ဗျာ။

မေး - ကျေးဇူးတင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက်ပါ။

ဖြေ - ဟုတ်ကဲ့။ ကျွန်တော်လည်း ဝမ်းမြောက်ပါတယ်။ ကမ္ဘာကို ပြန့်အောင် ဖြန့်ပေးပါခင်ဗျာ။ ထူးခြားပါလိမ့်မယ်။

ထိုအမေးအဖြေ လုပ်ခဲ့သော ဆရာဦးမြင့်နိုင်မှာ ယခုလက်ရှိ မန္တလေးမြို့ ၇၄လမ်းနှင့် ၃၅လမ်းကြားထောင့်တွင် နေထိုင်လျက်ရှိပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယောဂီဦးစိုးမြင့်ကိုလည်း ဖုန်းနံပါတ် (၉၅-၂-၃၂၂၇၉)သို့ ဆက်၍ မေးမြန်းနိုင်ပါသည်။ ဆရာဦးမြင့်နိုင်မှာ ယောဂီဦးစောမြင့်အား ဝိပဿနာရှုမှတ်နည်း သင်ကြားပြသပေးခဲ့သူ ဖြစ်ပါသည်. ယခုလည်း ဝိပဿနာတရားတော်များကို သင်ကြားပြသပေးလျက် ရှိပါသည်။ ထို့အပြင် ရန်ကင်းအေးငြိမ်း ဓမ္မရိပ်သာသို့ ဖုန်းနံပါတ် (၉၅-၂-၅၇၂၅၃) သို့ဆက်၍ မေးမြန်းနိုင်ပါသည်။

ဓမ္မရံသီမှကူးယူတင်ပြပါသည်-

ပဋ္ဌာန်း ၂၄ – ပစ္စည်း အဓိပ္ပါယ်အကျဉ်း

ဟေတုပစ္စယော

၁။ဟေတုပစ္စယော

ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌– မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)

အာရမ္မဏပစ္စယော

၂။အာရမ္မဏပစ္စယော

အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း သွားခြင်းကိစ္စကို ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။

အဓိပတိပစ္စယော

၃။အဓိပတိပစ္စယော

အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း– စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊ နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်) ကျေးဇူးပြုတတ်သောတရား။

အနန္တရပစ္စယော

၎။အနန္တရပစ္စယော

အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း– စကြာဝတေးမင်း၏ နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။

သမနန္တရပစ္စယော

၅။သမနန္တရပစ္စယော

ကောင်းစွာအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– စကြာဝတေးမင်း၏ အရည၀ါသီ တောထွက်တော်မူ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာအခြားမဲ့ အခြားမရှိ ကျေးဇူးပြုတတ်သောတရား။

သဟဇာတပစ္စယော

၆။သဟဇာတပစ္စယော

အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက် အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။

အညမညပစ္စယော

၇။အညမညပစ္စယော

အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း– သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။

နိဿယပစ္စယော

၈။နိသာယပစ္စယော

မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဥပနိဿယပစ္စယော

၉။ဥပနိဿယပစ္စယော

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။

ပုရေဇာတပစ္စယော


၁၀။ပုရေဇာဆပစ္စယော

ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။

ပစ္ဆာဇာတပစ္စယော

၁၁။ပစ္ဆာဇာတပစ္စယော

နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည် မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။ ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား မသေစေရန် အကျိုးပြုသောကြောင့်တည်း။

အာသေ၀နပစ္စယော

၁၂။အာသေ၀နပစ္စယော

အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၄င်း၊ ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ကမ္မပစ္စယော

၁၃။ကမ္မပစ္စယော

စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပါကပစ္စယော

၁၄။ဝိပါကပစ္စယော

အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။

အာပာာရပစ္စယော

၁၅။အာဟာရပစ္စယော

ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ထောက်ကန်သောတိုင်သစ်သည် အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဣန္ဒြိယပစ္စယော

၁၆။ဣန္ဒြိယပစ္စယော

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည် (အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဈာနပစ္စယော

၁၇။ဈာနပစ္စယော

ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း– တောင်ဖျား သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

မဂ္ဂပစ္စယော

၁၈။မဂ္ဂပစ္စယော

ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဤမှာဘက်မှ ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့ ၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

သမ္ပယုတ္တပစ္စယော

၁၉။သမ္ပယုတ္တပစ္စယော

ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပ္ပယုတ္တပစ္စယော

၂၀။ဝိပ္ပယုတ္တပစ္စယော

မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

အတ္ထိပစ္စယော

၂၁။အတ္ထိပစ္စယော

ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

နတ္ထိပစ္စယော

၂၂။နတ္ထိပစ္စယော

မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ညဥ့်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဝိဂတပစ္စယော

၂၃။ဝိဂတပစ္စယော

ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– နေ၏ ၀င်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အ၀ိဂတပစ္စယော

၂၄။အ၀ိဂတပစ္စယော

မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဧဒင်ဥယျာဉ်မှကူးယူပါသည်-